လင်္ကာဒီပသို့တစ်ခေါက်(၃)

သိလာစေတီတော်(မဟိန္ဒလေတောင်)

ထို အမ္ဗတ္ထလ စေတီရဲ့မနီးမဝေး တောင်ထိပ်မှာတော့ ဥာဏ်တော် မြင့်မားလှတဲ့ အမ္ဗတ္ထလပုံတူစေတီကြီး တစ်ဆူကိုလဲ ကြည်ညိုဖွယ်ရာ ဖူးမြင်ကြရပါတယ်။ ထိုစေတီရဲ့နာမည်တော်က ‘သိလာ’ စေတီတော်လို့ ခေါ်ပါတယ်။ သက်တော်ထင်ရှားဘုရားရှင်ကိုယ်တော်မြတ်ကြီး သီဟိုဠ်ကျွန်းသို့ တတိယအကြိမ်ကြွရောက်စဉ်က သမာပတ်ဝင်စားခဲ့တဲ့ ၁၆-ဌာနမှာ ပါဝင်တဲ့စေတီတစ်ဆူဖြစ်ပါတယ်။ ထိုစေတီတော်တွင်းမှာ မြတ် စွာဘုရားရှင်ရဲ့ ဥဏ္ဏလုံမွေးရှင်တော်ကို ထည့်သွင်းဌာပနာထားတယ်လို့ ဆိုပါတယ်။ ထိုစေတီတည်ရှိရာကတော့ အမ္ဗတ္ထလစေတီရဲ့အနောက်ဖက် တောင်ပေါ်မှာတည်ရှိပါတယ်။ သီရိလင်္ကာနိုင်ငံရှိ စေတီတော်များရဲ့ပုံသဏ္ဍာန်က တစ်ပုံစံတည်း လိုလိုဖူးမြင်ရပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ စစ်ကိုင်းကောင်းမှုတော်လို အ၀န်းအ၀ိုင်းကြီးပါပဲ၊ အဲဒီအထက်ကမှ စပါးစေ့ပုံသဏ္ဍာန်ဖြင့်တည်ထားပါတယ်။ တာရှည်ခိုင်ခန့်အောင် ဒီလိုပုံစံတည်ထားတာလို့လဲ သိခဲ့ရပါတယ်။


ဇယသီရိမဟာဗောဓိပင်

အတူပါလာသူဦးဥတ္တမဦးဆောင်ပြီး စာရေးသူတို့အဖွဲ့မဟိန္ဒလေ့တောင်ခြေပြန်ဆင်းလာခဲ့ကြကာ ကားဖြင့် ပြန်လာခဲ့ကြရာ အနုရာဓမြို့ကို နေ့ခင်းဘက်မှာ ပြန်လည်ရောက်ရှိပါတယ်။ ရောက်တယ်ဆိုရင်ပဲ မဟာဗောဓိစေတီတော်ကို ဖူးမြင်ကြပါတယ်။ ထိုမဟာဗောဓိပင်ကို သီဟိုဠ်သားတို့က “ဇယမဟာဗောဓိစေတီ” လို့ ခေါ်ဝေါ်ကြပါ တယ်။

မဟာဗောဓိပင်ကို ၀င်ရောက်ဖူးမြင်ကြပါတယ်။ မဟဗောဓိပင်မှာ အကိုင်းအခက်အလက်တို့ဖြင့် ဝေစီနေပါတယ်။ ထိုအကိုင်းများအနက် အရွယ်အားဖြင့် မကြီးလွန်းတဲ့ အကိုင်းတစ်ကိုင်းရှိပါတယ်။ ထိုအကိုင်းကို မြေကြီးမှနေပြီး ရွှေချထားတဲ့ထောက်တံများဖြင့် အကိုင်းကို ထောက်ထားပြီးကျန်တဲ့အကိုင်းများကိုတော့ ထောက်ထားတာမတွေ့ရပါ။ အဲလိုရွေးပြီး ဘာကြောင့်ထောက်ထားတာလဲလို့ မေးကြည့်ရာ ထိုထောက်ထားတဲ့အကိုင်းသာ လက်ျာတောင်ကိုင်းအစစ်ဖြစ်တယ်လို့ ပြောပြပါတယ်။ မဟာဗောဓိပင်အနီးမှာ ဘုရားဖူးလာများဖြင့် စည်းကားလှပါ တယ်။ ဒေသခံများပြောပြချက်အရ အမြဲတမ်းလိုလိုကို စည်ကားနေပါတယ်လို့ သိခဲ့ရပါတယ်။ မဟာဗောဓိပင်ရဲ့အောက်ခြေတွင် လူများအတွက် ပန်းကပ်ဖို့ရာ အင်္ဂတေခုံရှည်ကြီးတစ်ခုကို စီစဉ်ပေးထားပါတယ်။ ထိုအင်္ဂတေခုံကြီးမှာ ပန်းမျိုးစုံ စုပုံတင်ထားတာကို မြင်ရပါတယ်။ ပန်းတင်လှူတဲ့အခါ မြန်မာပြည်မှာလို ပန်းများကို ပန်းကန်ပြားဖြင့် ထည့်လေ့မရှိဘဲ ဒီအတိုင်းအင်္ဂတေပေါ် စုံပုံပြီး တင်ထားတာတွေ့ရတယ်။ မြန်မာတို့မျက်စိနဲ့ ရိုင်းသလိုထင်ရပေမဲ့ တကယ်တမ်း သီရိလင်္ကာသားများရဲ့ ပန်းကပ်တဲမြင်ကွင်းလေးကို မြင်ရတာဟာ အလွန်ပဲကြည်နူးဖို့ကောင်းလှပါတယ်။ ပန်းများကို တင်လှူမဲ့ အင်္ဂတေခုံမျက်နှာပြင်ပေါ်မှာ ပန်းများကို လက်ဖြင့် လှလှပပဖြစ်အောင် စီရစီထားပြီးမှာ ပန်းလှူလေ့ရှိကြပါတယ်။ အချို့ကလဲ ပုံပြီးလှူထားတာကို လဲတွေ့ရတယ်။ ဒီလိုပန်းလှူတာဟာ မဟာဗောဓိပင်တစ်နေရာတည်းမဟုတ်ပါ၊ သီရိလင်္ကာတစ်နိုင်ငံလုံးရှိ ဘုရားများတွင်လည်း အဲလိုပဲ တင်လှူလေ့ရှိတာကို တွေ့ရပါတယ်။ အချို့ကျတော့ ကြာပန်းတစ်ပွင့်ထဲကိုပဲ ဒီအတိုင်းလေးချထားပြီး လှူထားတာလဲတွေ့မြင်ခဲ့ရပါရဲ့၊

မဟာဗောဓိပင်ကို အပြင်ကနေဖူးမျှော်တာကတော့ အချိန်တိုင်းမှာ ဖူးမျှော်လို့ရပေမဲ့လို့ မဟာဗောဓိပင်ခြေတော်အရင်းကိုတော့ အချိန်တိုင်းမှာ တက်ရောက်ခွင့်မရပါ။ ည ၁၂-နာရီလောက်မှ တက်ရောက်ခွင့်ရတယ်လို့ သိရပါတယ်။ ဒါကြောင့် စာရေးသူတို့ရောက်ရှိချိန်က နေ့ခင်းဘက်ဖြစ်တဲ့အတွက် အပြင်ကပဲ ဖူးမြင်လိုက်ရပါတယ်။ အတူပါလာသူ တူတော်မောင်နဲ့ ဒကာဇနီးမောင်နှံတို့သုံးဦးကတော့ မဟာဗောဓိပင်အထက်မှ ကြွေကျလာမဲ့ ဗောဓိညောင်ရွက်ကို စောင့်မျှော်ရင်း အရင်ကြွေကျနေတဲ့ ဗောဓိညောင်ရွက်များကို လိုက်ကောက်နေလေရဲ့။ မဟာဗောဓိပင်ဖူးမြင်တဲ့အခါ ယောင်္ကျားဖြစ်စေ၊မိန်းမဖြစ်စေ အားလုံး အထက်အောက်အ၀တ်ဖြူဝတ်ရပါတယ်။ဒါကြောင့် အခုကတည်းက အ၀တ်ဖြူများကို မြို့ထဲသွားပြီး ၀ယ်ထားလိုက်ကြလို့ မြန်မာကျောင်းဆရာတော်က အမိန့်ရှိပါတယ်။ အတူပါလာသူဒကာများ ကလဲ မနက်ကတည်းက ဈေးထဲသွားပြီး အ၀တ်ဖြူများဝယ် ထားကြပါတယ်။

အချိန်ရှိတုန်း ရောက်သင့်တဲ့နေရာများကို သွားရကြမယ်၊ ညဖက်မှ မဟာဗောဓိကိုပြန်လာမယ်လို့ အစီအစဉ်ဆွဲသူ ဦးဥတ္တမက ပြောလာတဲ့အတွက် ထိုမဟာဗောဓိအနီးပတ်ဝန်းကျင်တစ်ဝိုက်မှာ ထင်ရှားတဲ့စေတီများကို ပထမသွားရောက် ဖူးမျှော်ကြပါတယ်။

B.C.244 ခုနှစ်မှာ အသောကမင်းတရားရဲ့သမီးတော်၊ အရှင်မဟိန္ဒမထေရ်မြတ်ရဲ့ ညီမတော်စပ်သူ ဘိက္ခူနီ သင်္ဃမိတ္တာထေရီမဟာ အိန္ဒိယနိုင်ငံ-ဗုဒ္ဓဂယာမှ လင်္ကာဒီပကျွန်းသို့ မဟာဗောဓိပင်ပျိုကို ပင့်ဆောင်လာခဲ့ပြီး အနုရာဓမြို့ရဲ့တောင်ဖက် မဟာမေဃ မင်းဥယာဉ်တော်မှာ အခမ်းအနားဖြင့် စိုက်ပျိုးတော်မူခဲ့ကြပါတယ်။ (ထိုအကြောင်းအစုံအလင်သိချင်ရင် ဓမ္မာစရိယဦးဌေးလှိုင်ရေးတဲ့ သီဟိုဠ်ခေတ်စံတော်ဝင်အရိယာ များစာအုပ်မှာ အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်)

တက်ရောက်တဲ့အခါမှာ လူများမှာတော့ အထက်အောက် လုံချည်၊အင်္ကျီများကို အဖြူရောင်ဝတ်မှ တက်ခွင့် ပေးပါတယ်။ ထိုညကစာရေးသူတို့အဖွဲ့ ဇွဲကောင်းကောင်းနဲ့ ည ၁၂-နာတိုင်အောင်စောင့်ကာ ဖူးမျှော်ခဲ့ကြပါသေးတယ်။

ထိုဇယသီရိမဟာဗောဓိပင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ် ထောင်ကျော်က အသောကမင်းကြီးရဲ့သမီးတော်ဖြစ်တဲ့သင်္ဃမိတ္တာထေရီမက အိန္ဒိယနိုင်ငံ မဟာဗောဓိပင်မှ ပင့်ဆောင်ခဲ့တဲ့ လက်ရာ တောင်ကိုင်းပင်ဖြစ်ပါတယ်။ ဒီမဟာဗောဓိပင် နဲ့ နောက်ပိုင်းမှာဖေါ်ပြမဲ့ ကန္နီမြို့ ဘုရားရှင်ရဲ့စွယ်တော် တို့ကို နိုင်ငံတော်ရဲ့ ရတနာအဖြစ် သီဟိုဠ်သားတို့ သတ်မှတ်ထားကြတယ်။ ထိုနိုင်ငံတော်ရဲ့ရတနာများကို မပျောက်ပျက်ရအောင် စစ်ဖက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက အထူးတလည် စောင့်ကြပ်နေကြတာကိုတွေ့ရပါတယ်။ ဒီမဟာဗောဓိပင်နဲ့စွယ် တော်ကြောင့် သူတို့နိုင်ငံ ရပ်တည်နေရတာ။ တကယ်လို့ ထိုရတနာများမရှိလျှင် သူတို့နိုင်ငံ အခုလိုအေးချမ်းသာယာတဲ့နိုင်ငံအဖြစ် ရပ်တည်နိုင်လိမ့်မှာမဟုတ်ဘူးလို့ သီဟိုဠ်သားတို့ မှတ်ထင်ထားကြပါတယ်။ ဒါကြောင့်မို့လို့လဲ မဟာဗောဓိပင်နဲ့ စွယ်တော်တို့ကို အစောင့်အကြပ်များအထပ်ထပ်ချထားဟန် တူပါရဲ့။ ဘုရားဖူးခရီးသည်များကို လဲ မဟာဗောဓိပင်သို့ဝင်ရာ ဂိတ်ပေါက်အ၀တွင် တာဝန်ရှိများက ရှာဖွေစစ်ဆေးကြပါတယ်။

ညနေဖက်အလင်းရောင်ရှိခိုက် အခြားနေရာများကို သွားရောက်ဖူးမျှော်ကြရအောင် လို့ စီစဉ်သူဦးဥတ္တမက ပြောလာတဲ့အတွက် အခြား သမိုင်းဝင်နေရာများကို သွားရောက်လေ့လာကြရာ ပထမဦးဆုံး ရောက်ရှိတာက မဟာစေတီဖြစ်ပါတယ်။

ထူပါရာမစေတီ

ထူပါရာမစေတီဟာ အနုရာဓမြို့ရဲ့တောင်ဖက်၊ မဟာစေတီရဲ့မြောက်ဖက်တွင် တည်ရှိပြီး ထိုစေတီကို တည်ခဲ့တဲ့ ကောင်းမှု ရှင်ကတော့ ဒေ၀ါနံပီယတိဿမင်း ဖြစ်ပါတယ်။ ထိုစေတီဟာ သီဟိုဠ်ကျွန်းမှာ အစောဆုံး ပထမဆုံး စေတီဖြစ်တယ်။

သမိုင်းဝင် ၁၆-ဌာနတွင် တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ထိုစေတီရဲ့အမြင့်က သံတောင် ၃၀ ခန့်၊ လုံးပတ်တော်က ၁၂၁-တောင်နဲ့ တစ်မိုက် ရှိပါတယ်။ ထိုစေတီရဲ့အနီးမှာ တစ်ချိန်တုန်းက ထင်ရှားခဲ့တဲ့ မဟာဝိဟာရ ကျောင်းတိုက်နဲ့ကပ်လျက် ထူပါရုံကျောင်းတော်ကြီး တည်ရှိပါတယ်။ စာရေးသူတို့ ရောက်ရှိချိန်တွင်တော့ ထိုထူပါရုံကျောင်းတော်ကြီးဟာ ၁၃-ပေခန့် အမြင့်ရှိတဲ့ ကျောက်တိုင်များသာ ကျန်ရှိပါတော့တယ်။ ဖြစ်ပျက်တတ်တဲ့ သင်္ခါရသဘောကို မီးမောင်းထိုးပြနေသလိုပါပဲ။

ဒီနေရာမှာထူပါရာမစေတီတော်၊ထူပါရာမကျောင်းတော်ရာနဲ့စပ်လို့ ကြည်ညိုစရာကောင်းလွန်းတဲ့အတွက် အကျဉ်းချူပ်ဖေါ်ပြချင်ပါသေး တယ်။

မဟိန္ဒမထေရ်ဟာ သီဟိုဠ်ကျွန်းသို့ ပထမဦးဆုံးရောက်ပြီး သီတင်းကျွတ်တဲ့အခါ ဘုရားရှင်ရှိရာသို့ ဇမ္ဗူဒိပ်ကျွန်းသို့ ကြွမှာဖြစ်တဲ့အကြောင်း ဒေ၀ါနံပီယတိဿမင်းကို ပြောတော်မူရာ မင်းကြီးက “ဘုရားရှင်က ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပြီးပြီးမဟုတ်လားဘုရား” လို့ လျှောက်ထားရာ ဘုရားရှင်ရဲ့ဓါတ်တော်များ ရှိနေသေးတယ်ဆိုရင်လဲ ဘုရားရှင်အား သက်တော်ထင်ရှားဖူးမြင်ရခြင်းပဲဖြစ်ပါကြောင်း၊ ထိုဓါတ်တော်မွေတော်များကို ပူဇော်သင့်တယ်ဆိုတဲ့အကြောင်း ပရိယာယ်ဖြင့် မထေရ်က မိန့်တော်မူပါတယ်။ မင်းကြီးလဲ “ဒီလိုဆိုရင် တပည့်တော်တို့လဲ ဘုရားရှင်ရဲ့ဓါတ်တော်များကို ဌာပနာပြီး ပူဇော်ချင်ပါတယ်” လျှောက်တော့ မထေရ်က တူတော် သုမနသာမဏေနဲ့တိုင်ပင်လိုက်ပါ ဒကာတော်မင်းကြီး” လို့မိန့်တော်မူတယ်။ မင်းကြီးက သုမဏသာမဏေအား “အရှင်ဘုရား..ဘုရားရှင်ဓါတ်တော်များ ဘယ်နေရာမှာ ရနိုင်ပါသလဲဘုရား” လို့ မေးလျှောက်တယ်။ သုမနသာမဏေကလဲ ဒီဓါတ်တော်မွေတော် ကိစ္စအတွက် စိတ်မပူပါနဲ့ သူဆောင်ယူပေးမှာဖြစ်တဲ့အကြောင်း ပြောလာပါတယ်။

သို့နဲ့ ဇမ္ဗူဒိပ်ကျွန်း ပါဋလိပုတ်နေပြည်တော်မှ အဖိုးတော်အသောကမင်းကြီးထံမှ ဘုရားရှင်ရဲ့သရီရဓါတ်တော်တစ်သပိတ်ကို ကောင်းကင်ခရီးဖြင့် ပင့်ဆောင်ကာ ဟိမ၀န္တာတွင်ခဏထားခဲ့ပြီး သိကြားမင်းရှိရာ တာဝတိံသာသို့ ကြွကာ စူဠာမဏိစေတီတော်ရှိ လင်္ကျာညပ်ရိုးဓါတ်တော်ကို အလှူခံခဲ့ပါတယ်။ ထိုညပ်ရိုးတော်ကို ထူပါရာမစေတီတော်ကြီးတွင် ဌာပနာမှာဖြစ်တဲ့အတွက် ညပ်ရိုးတော်ကို လာရောက်ပူဇော်လိုက ပူဇော်နိုင်ကြောင်း မြို့တွင်း စည်လှည့်ကြော်ငြာခိုင်းပါတယ်။ ထိုစဉ်က ရတနာသုံးပါးကျေးဇူးဂုဏ်ကို အတိုင်းမသိကြည်ညိုလွန်းကြတဲ့အတွက် မင်းကြီးရဲ့ညီတော် အဘယမင်းသားနဲ့ နောက်ပါတစ်ထောင်တို့နဲ့အတူ လူပေါင်း သုံးသောင်း ရဟန်းပြုကြတယ်။ မင်းကြီးက ရဟန်းတော်များ သီတင်းသုံးနေထိုင် နိုင်ရန်အတွက် ထူပါရာမစေတီတော်အနီးရှိ ထူပါရုံကျောင်းတော်ကြီးကို ပရ၀ုဏ်နဲ့တကွ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

ထူပါရာမစေတီတော်ကြီးတွင် ဘုရားရှင်ဓါတ်တော် တစ်သပိတ်နဲ့ တာဝတိံသာ စူဠာမဏိစေတီမှ ယူဆောင်ခဲ့တဲ့ လက်ျာညှပ်ရိုးတော်ကို ဌာပနာထားပါတယ်။ ထို့အပြင် ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ကဿပဘုရား သုံးဆူတို့ရဲ့ ရေစစ်၊ ခါးပန်း၊ ရေသနုပ်တော်များလဲ ဌာပနာထား တယ်လို့သိရပါတယ်။

ထူပါရုံစေတီရဲ့အရှေ့ဘက် တစ်ဖာလုံတွင် မူလစွယ်တော်တိုက်ကြီး (ကိတ္တိ သီရိမေဃကောင်းမှု)ရှိပါတယ်။ ယနေ့တိုင် ကျောက်တိုင် ကျော်ထုပ် လျောက်များ တင်လျက်ရှိနေပါသေးတယ်။ အဲဒီကနေ တစ်ဖာလုံခန့်ဆက်သွားလျင် သင်္ဃမိတ္တာထေရီမကြီးရဲ့ကျောင်းတိုက်တည်ရှိပါ တယ်။ ထိုကျောင်းတိုက်မှ အနောက်မြောက်အရပ် အတောင်(၈၀)ခန့်တွင် ထေရီမကြီးရဲ့ အရိုးဓါတ်တော် စေတီတစ်ဆူ ရှိပါတယ်။

ဇေတ၀နစေတီ

ထိုမှတဆင့် သမိုင်းဝင်ဌာနတစ်ခုဖြစ်တဲ့ ဇေတ၀နစေတီတော်ကို သွားရောက်လေ့လာဖူးမျှော်ကြပါတယ်။ ထိုစေတီတော်ကြီးရဲ့လုံးပတ် တော်မှာ ပေ ၁၁၀၀၊ ဥာဏ်တော်အမြင့်က ၂၃၁-ပေ ရှိတယ်လို့ ဆိုပါတယ်။ ဘုရားရှင်ရဲ့ဓါတ်တော်များကို ဌာပနာခဲ့တယ်လို့ ယုံကြည်မှုရှိကြတယ်။

အေဒီ၂၃၇-၃၀၄မှာ ဝေါဋ္ဌာဘယရဲ့သားငယ် မဟာသေနမင်းဟာ မိတ်ဆွေဆရာယုတ် သံဃမိတ္တာနဲ့ သောဏအမတ်တို့နဲ့ လူပေါင်းမှားပြီး၊ ထိုဆရာနှစ်ဦးရဲ့ အကြံပေးချက်ကို အမှီပြုပြီး မဟာဝိဟာရနဲ့ အဘယဂီရိကျောင်းတိုက်ကြီးကို သိမ်းယူဖျက်ဆီးခဲ့ပါတယ်။ သံဃာတော်များကိုလဲ ဆွမ်းမလောင်းကြဖို့ ပြည်သူများအား အမိန့်ထုတ်ခဲ့ပါတယ်။(လူမိုက်ကိုပေါင်းသင်းမိတဲ့အတွက် အမှားကြီးမှားပုံကို သတိပြုရမှာပါ)။ နောက်ပိုင်းမှာတော့ မိတ်ကောင်းဆွေကောင်းဖြစ်ကြတဲ့ အမတ်များနဲ့တွေ့ပြီး သာသနာတော်ကို ပြန်လည်ကြည်ညိုလာက ဖျက်ဆီးခဲ့တဲ့ ဇေတ၀နစေတီတော်နဲ့ ကျောင်းတိုက်ကြီးတို့ကို တဖန် ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်တယ်။

အဘယဂီရိကျောင်းနဲ့စေတီတော်

ထိုမှတဆင့် အဘယဂီရိစေတီတော်ကို သွားရောက်ဖူးမျှော်ကြပါတယ်။ သာသနာတော်နှစ် ၄၅၅-ခုနှစ်တွင် ၀ဋ္ဋဂါမဏိမင်းလက်ထက် အဘယဂီရိကျောင်းတိုက်နဲ့စေတီတော်ကို တည်ဆောက်ခဲ့ပါတယ်။ ထိုမင်းကြီး စစ်ပြေးတဲ့အခါတုန်းက ထမင်းကျွေးဖူးတဲ့ ကျေးဇူးကိုထောက်ပြီး အရှင်မဟာတိဿမထေရ်အား စတင်ကျောင်းလှူခဲ့ပါတယ်။ စေတီတော်ရဲ့ လုံးပတ်တော်မှာ ပေ ၉၀၀၊ ဥာဏ်တော်အမြင့်က ၂၃၅-ပေ ရှိပါတယ်။ အစပထမတုန်းက မဟာဝိဟာရဂိုဏ်းဝင် ဖြစ်ခဲ့ပါတယ်။ သို့သော်လဲ ဒကာ-ဒကာမများနဲ့ ရောနှောနေတဲ့အတွက် ဂိုဏ်းမှ ထုတ်ပယ်ခြင်းခံရကာ အဘယဂီရိဂိုဏ်း ဆိုပြီး တည်ထောင်ကာ၊ အဘယဂီရိကျောင်းရယ်လို့ ဖြစ်လာခဲ့ပါတယ်။ နောက်သောအခါ မဟာယနစတဲ့အယူဝါဒများ ရဲ့ လွမ်းမိုးမှုကို ခံရပြီး လုံးဝပျက်စီးခဲ့ပါတယ်။

အခုအခါ အတော်ကို ယိုယွင်းပျက်စီးနေတာကို တွေ့ရပါတယ်။ တာဝန်ရှိသူများက ပြန်လည်မွမ်းမံဖို့ကို ပြင်ဆင်နေကြတာကို သိခဲ့ရပါတယ်။သီဟိုဠ်ရာဇ၀င်အဆိုရ ထိုခေတ်အခါက သီဟိုဠ်မှာ ဇေတ၀န၊မဟာဝိရ၊အဘယဂီရိ ရယ်လို့ ကျောင်းတိုက်ကြီး သုံးတိုက်ထင်ရှားရှိခဲ့တယ်လို့ သိရပါတယ်။

0 comments:

Post a Comment

ချိုသာစကား အသာထားခဲ့