လင်္ကာဒီပသို့တစ်ခေါက် (၁)

အချိန်ကား ဒီဇင်ဘာအကုန်၂၀၁၁ ဇန္န၀ါရီလသို့ဝင်ခါစ ဆောင်းရာသီအချိန်….

စာရေးသူတို့အဖွဲ့ နယူးဒေလီမှ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့သို့ အဲယားလင်္ကာ အဲယားလိုင်းဖြစ် လိုက်ပါလာကြရာ ည ၁၁နာရီဝန်းကျင် မှာ ကိုလံဘိုမြို့လေဆိပ်သို့ ရောက်ခဲ့ပါတယ်။ ရောက်တယ်ဆိုရင်ပဲ စာရေးသူတို့အား နွေခေါင်ခေါင်ကြီးတန်မဲ့ ကိုရွှေမိုးကြီးက အငြိုးကြီးစွာ ရွာသွန်းပြီး ခရီးဦးကြိုဆိုနေတာကို အသိအမှတ်ပြုခဲ့ရပါတယ်။
ဆောင်းရာသီဖြစ်ပေမဲ့ သီရိလင်္ကာနိုင်ငံရဲ့ရာသီဥတုကတော့ မြန်မာနိုင်ငံလိုမဟုတ် မိုးရွာလိုက် နေပူလိုက်နဲ့ ဖြစ်နေပါတယ်။
သီရိလင်္ကာနိုင်ငံမှာ နွေရာသီ၊မိုးရာသီဆိုပြီး ရာသီဥတု နှစ်မျိုးသာရှိပြီး၊ ဆောင်းရာသီဆိုတာ လုံးဝမရှိပါ လို့ ဒေသခံ များရဲ့အဆိုအရ အံ့သြစွာ သိခဲ့ရပါတယ်။
ကိုလံဘိုမြို့လေဆိပ်မှာ ဦးဥတ္တမ၊ဦးဓမ္မသာမိတို့ လာရောက်ကြိုဆိုနေကြပါတယ်။ တည်းခိုမယ့်နေရာသို့ ကားဖြင့် ၁နာရီခွဲခန့်လာခဲ့ရပါ တယ်။ မနက်လင်းတယ်ဆိုရင် ခရီးထွက်ဖို့အဆင်သင့်ဖြစ်တာနဲ့ ဦးဥတ္တမ ဦးဆောင်ကာ ဦးဓမ္မသာမိအပါအ၀င် စာရေးသူတို့အဖွဲ့ဟာ ကိုလံဘိုမြို့၊ မကုဋာရာမကျောင်းမှ အနုရာဓမြို့သို့ ကားဖြင့် ထွက်ခွာလာခဲ့ကြပါတယ်။ ထုံးစံအတိုင်း ကိုရွှေမိုးကြီးကလဲ မနက်ကတည်းက ရွာနေလိုက်တာ မနက် (၉)နာရီလောက်မှပဲ မိုးတိတ်တော့တယ်။

ဒမ္ဗူလလှိုဏ်ဂူဘုရားကျောင်း
ကိုလံဘိုမှ ကားဖြင့် အနုရာဓမြို့ကိုထွက်လာခဲ့ကြရာ သီရိလင်္ကာစံတော်ချိန် (၁)နာရီခန့်တွင် ဒမ္ဗူလမြို့သို့ ရောက်ခဲ့ပါ တယ်။ထိုမြို့တွင်လှိုဏ်ဂူဘုရားကျောင်းတစ်ခုရှိပါတယ်။ ဒမ္ဗူလမြို့ကိုအစွဲပြုပြီး အခုအခါ ဒမ္ဗူလလှိုဏ်ဂူဘုရားကျောင်း ရယ်လို့ အမည်တွင်ခဲ့ပါတယ်။
(Dambulla cave temple) ဒမ္ဗူလလှိုဏ်ဂူဘုရားကျောင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်ကာလက တည်ရှိခဲ့တဲ့ ရှေးဟောင်းလှိုဏ်ဂူကြီးဖြစ်တဲ့အတွက် အလွန်ထင်ရှားတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဒမ္ဗူလ ရွှေဘုရားကျောင်း လို့ လူသိများတဲ့ ဒမ္ဗူလ လှိုဏ်ဂူဘုရားကျောင်းဟာ သီရလင်္ကနိုင်ငံရဲ့အလယ်ပိုင်းမှာ တည်ရှိပြီး၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ်တစ်ခုဖြစ်တယ်။ ဒီနေရာဟာ ကိုလံဘိုမြို့ရဲ့အရှေ့မြောက်အရပ်(၁၄၈)ကီလိုမီတာ၊ ကန္ဓီမြို့ရဲ့မြောက်ဘက် ၇၂ ကီလိုမီတာအကွယ်တွင် တည်ရှိ ကြောင်းသိရပါတယ်။ သီရိလင်္ကာနိုင်ငံမှာတော့ အကြီးဆုံးနဲ့အကောင်းဆုံး ကာကွယ်ထိန်းသိမ်းထားတဲ့ လှိုဏ်ဂူဘုရားကျောင်းကြီးပေါ့။ လှိုဏ်ဂူရဲ့ကျောက်ဆောင် ကြီးများဟာ ပတ်ဝန်းကျင် မြေပြန့်လွင်ပြင်မှာ (၁၆၀)မီတာထိအောင် အုပ်မိုးထားပြီး ကျောက်ဆောင်ကြီးရဲ့အောက်မှာ လှိုဏ်ဂူကြီး ငါးခုရှိပါတယ်။ လှိုဏ်ဂူအတွင်းပိုင်းကို ခြောက်သွေ့နေအောင် ရေစက်ကျရာ လမ်းကြောင်းတစ်ခုကိုလဲ ထွင်းထုထားတာတွေ့ရပါတယ်။
ဒမ္ဗူလလှိုဏ်ဂူဟာ မြေပြင်မှ ပေ(၄၀၀)ကျော်မြင့်တဲ့ ကျောက်တောင်ပြင်ဖြစ်ပြီး၊ပတ်ပတ်လည်တွင် ထွင်းထုထားတဲ့ လှိုဏ်ဂူကျောက် ဆောင်ကျောင်းများ၊ ရုပ်ပွားတော်များနဲ့ ပန်းချီလက်ရာများကို တွေ့မြင်ခဲ့ရတယ်။ ဘီစီသုံးရာစုနဲ့ နှစ်ရာစုအကြား ရဟန်းတော်များ အချေချခဲ့တဲ့ ကျောင်းနေရာလှိုဏ်ဂူဖြစ်တဲ့အတွက် ရှေးကျတဲ့ လှိုဏ်ဂူများအဖြစ် မှတ်ယူလို့ရပါတယ်။
နောက်ပိုင်းခေတ်မှာတော့ ကိုးကွယ်ရာအထွဋ်အမြတ်ထားတဲ့နေရာအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ ထိုလှိုဏ်ဂူများကို ၀ဋ္ဋဂါမဏိအဘယ မင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ခရစ် (၁၂)ရာစုနှစ်၊ နဿင်္ကမလမင်းလက်ထက်မှာ ကျောက်ဆောင်များနဲ့ ပန်းပုလက်ရာများကို ပြန်လည်မွန်းမံခဲ့ပါတယ်။ ကျောက်ဆောင်ထဲမှာ ဗုဒ္ဓရုပ်ပွားတော် ၇၃ ဆူတည်ရှိပြီး၊ ရွှေရောင်ဖြင့် တန်ဆာဆင်ထားပါတယ်။
ထိုလှိုဏ်ဂူအတွင်းဝင်ကြည့်တဲ့အခါ ကျောက်သားများဟာ လူတို့ပြုထားတဲ့ တိုက်ခန်းလိုပါပဲ ချောညက်နေတာကို တွေ့မြင်ရပြီး၊ လှိုဏ်ဂူအတွင်းပိုင်းမှာ ရာသီဥတုမျှတပြီး နေထိုင်ကောင်းနေတာကို တွေ့ရပါတယ်။ ဒါကြောင့်လဲ ရဟန်းတော်များ နေထိုင်သီတင်းခဲ့ဟန်တူပါရဲ့။
ဒီလှိုဏ်ဂူကြီးဟာ သမိုင်းမတင်မီခေတ်ကတည်းက သီရိလင်္ကာ လူမျိုးနွယ်များဟာ သီရိလင်္ကာကို ဗုဒ္ဗဘာသာများ ရောက်မလာမီ နေထိုင်ခဲ့ဟန်တူ ပါတယ်။ သီရိလင်္ကာသို့ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်အတော်များများဟာ ဒီလှိုဏ်ဂူကို ရောက်ဖြစ်ကြတာကများပါ တယ်။ ထိုလှိုဏ်ဂူတည်ရှိရာတောင်ထိပ်မှ အဝေးကိုမျှော်ကြည့်လိုက်ရင် တောင်ပြာတန်း၊ ဒမ္ဗူလမြို့ရဲ့ရှုခင်းတွေကို မြင်ကွင်းကျယ် တမျှော်တခေါ်ကြီး လွမ်းမောဖွယ်ရာ တွေ့မြင်ရမှာဖြစ်ပါကြောင်း……
အာဝုကနရုပ်ပွားတော်
ဒမ္ဗူလလှိုဏ်ဂူမှ စာရေးသူတို့ ကားဖြင့် ထွက်ခွာလာခဲ့ကြရာ ညနေစောင်းအချိန်တွင် သီရိလင်္ကာအခေါ်(awkana)အော့ကနရွာ (အာဝုကနရွာ)ကိုကျော်ဖြတ်ကာ အာဝုကနဗုဒ္ဓရုပ်ပွားတော် တည်ရှိရာနေရာသို့ရောက်ခဲ့ပါတယ်။ အာဝုကန ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီးဟာ သီရိလင်္ကာရဲ့ မြောက်အလယ်ပိုင်းခရိုင် ကေကိရ၀အနီး အာဝုကနရွာတွင် တည်ရှိပါတယ်။ ကေလေ၀၀ (Kala Wewa)ရေလှောင်တမံရဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပါတယ်။
ထိုအာဝုကန ရပ်တော်မူရုပ်ပွားတော်ကြီးဟာ ဒမ္ဗူလမြို့ရဲ့အနောက်မြောက်အရပ် ကီလိုမီတာ(၃၀)အကွာမှာ တည်ရှိပါတယ်။ ထိုရုပ်ပွားတော်သီတင်းသုံးတော်မူရာသို့ သွားတဲ့အခါ လမ်းအစတင် ဆိုင်းဘုတ်ကြီးတစ်ခုကို ထောင်ထားတာ တွေ့ရပါတယ်။ သိချင်ဇောနဲ့ဖတ်ကြည့်ပါတယ်။ “ဒီရုပ်ပွားတော်ရဲ့အနီးဝန်းကျင်ရှိ ဂူကျောင်းဘုရားများကို ဒေ၀ါနံပီယတိဿမင်း၊၀လဂမ္ဘမင်း၊ မဟာဆန်မင်းတို့က တည်ဆောက်ခဲ့ကြပါတယ်။ နက်ရှိုင်းတဲ့တောထဲမှာ လှပတဲ့ ဂူ(၉၉)လုံးရှိပါတယ်။ အဲဒီဂူတွေမှာပဲ သံဃာတော်(၃၆၀)ပါး တရားအားထုတ်ရင်း နေထိုင်သီတင်းသုံးတော်မူခဲ့ပါတယ်။ ထိုအနီးမှာ အာဝုကန ဆိုတဲ့ ရပ်တော်မူရုပ်ပွားတော်တစ်ဆူရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀၀၀)မတိုင်မီက တည်ထောင်ခဲ့တယ်လို့သိရပါတယ်။(သီဟိုဠ်သာသနာထွန်းကားစဉ်အချိန်ကာလက ဖြစ်ပါတယ်)
သံဃာတော်များ သီတင်းသုံးတော်မူရာ ကျောက်ဂူကြီးများရဲ့တစ်နေရာ၊ အာဝုကနရပ်တော်မူရုပ်ပွားတော်နဲ့ မလှမ်းမကန်းမှာ သဘာဝဖြစ်နေတဲ့ ကျောက်ရေကန်ကြီးတစ်လုံးရှိတယ်။ ထိုသဘာဝကျောက်ရေကန်ကြီးဟာ သံဃာတော်များ ရေသပ်ပါယ်ရာနေရာလဲဖြစ်တယ်။ ယခုတိုင် ထိုကျောက်ရေကန်ကြီးထဲတွင် ရေများရှိနေဆဲဖြစ်သလို ရေကန်အနီးအနားမှာလဲ ချဉ်ပေါင်အရိုင်းပင်များကိုပါတွေ့ခဲ့ရတယ်။ အတူလိုက်ပါလာသူ ဦးဓမ္မသာမိက စားဖို့အတွက် ထိုချဉ်ပေါင်အရိုင်းပင်များကို ခူးခဲ့ပါသေးတယ်။ အော်…လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်က သံဃာတော်များ ဒီနေရာမှာတရားအားထုတ်ကာ သီတင်းသုံးတော်မူခဲ့ကြတာကို အာရုံယူမိပါတယ်။ဒီတုန်းက သင်္ကန်းရောင်တပြောင်ပြောင်ဖြင့် သာသနာ လွန်စာထွန်းကားခဲ့တာပါလား ဆိုတဲ့အသိဖြင့် ထိုနေရာတစ်ဝိုက်ကို အတွေးနဲ့ ကြည်နူးခဲ့ရသူက စာရေးသူရယ်ပါ။ တဆက်တည်းပဲ ထိုနေရာရဲ့အထောက်အထားတွေကို ကြည့်ပြီး မနေ့တစ်နေ့ကပဲ ဖြစ်ခဲ့သလို ခံစားရပြီး သံဝေဂလည်း ဖြစ်မိပါတယ်။
အာဝုကန ရပ်တော်မူရုပ်ပွားတော်ကြီးကို ကြီးမားတဲ့ နမ်းဖတ်ကျောက်ဖြစ် ထုဆစ်ထားတယ်လိုသိရပါတယ်။ ထိုရပ်တော်မူရုပ်ပွား တော်ကြီးဟာ အိန္ဒိယရဲ့ကန္တာရအနုပညာလက်ရာများနဲ့ အမရ၀တီ အနုပညာလက်ရာများ လွမ်းမိုးနေတယ်လို့ အင်တာနက်စာမျက်နှာတွင် ဖေါ်ပြထားပါတယ်။ ရပ်တော်မူရုပ်ပွားတော်ကြီးရဲ့ သဏ္ဍာန်မှာ သင်္ကန်းတော်ကို ကျစ်လစ်စွာ အနုစိတ် ထုဆစ်ထားတာ ကို မြင်ခဲ့ရပါတယ်။ လက်ဝဲပုခုံးထက်မှာ သင်္ကန်းကို ရုံထားပြီး၊ လက်ယာပုခုံးမှာ သက်န်းမရှိပါ။ ရုပ်ပွားတော် ကိုယ်လုံးတော်ဟာ ဖြောင့်တန်းပြီး၊ ဘယ်လက်မှာ လက်ဝဲပုခုံးမှသင်္ကန်းကို ဆုပ်ကိုင်ထားပါတယ်။ ညာဖက်လက်ဖ၀ါးကိုတော့ မျက်နှာတော်သို့ လှည့်ထားပြီး လက်ယာပုခုံးဆီသို့ မြောက်ထားပါတယ်။ ဒီလိုအနေအထားကို အဘယမုဒြာရဲ့ ပြောင်းလဲပုံစံ အသီသမုဒြာ (Asisa mudra)အဖြစ် လူသိများလှပါတယ်။
ထိုရပ်တော်မူရုပ်ပွားတော်ကြီးရဲ့အရပ်တော်အမြင့်မှာ အောက်ခံ ဖိနပ်တော်အပါအ၀င် အမြင့် ၄၂ ပေ (၁၃မီတာ)ရှိတယ်လို့သိရပါတယ်။ ထိုရပ်တော်မူရုပ်တုတော်ကြီးဟာ ဘုရားဝတ်ပြုကြရာ ကြီးမားတဲ့အခန်းတစ်ခုရဲ့အရှေ့တွင်တည်ရှိပါတယ်။ ထိုဝတ်ပြုရာဓမ္မာရုံကြီးကို အုတ်နဲ့ ကျောက်တုံးတို့ဖြင့် တည်ဆောက်ထားပြီး၊ ၀တ်ပြုရာ အခန်းကြီးမှာ အရှည် ၇၄ ပေ (၂၃ မီတာ)နှင့် အကျယ် ၆၃ ပေ (၁၉ မီတာ) ရှိပါတယ်။
ဒီလိုနဲ့ အာဝုကန ဗုဒ္ဓရုပ်ပွားတော်ကြီးမှ ကားဖြင့် ထွက်ခွာလာခဲ့ကြရာ အနုရာဓမြို့၊ မြန်မာဘုန်းတော်ကြီးကျောင်းသို့ ည (၉)နာရီလောက်မှာ ရောက်ရှိခဲ့ပါတယ်။
အနုရာဓမြို့နဲ့ပတ်သက်ပြီး ဒီနေရာမှာ အနည်းငယ်တင်ပြလိုပါသေးတယ်။
အနုရာဓမြို့ဆိုတာ တစ်ခေတ်တစ်ခါက ဒေ၀ါနံပီယတိဿမင်း နန်းစံတော်မူရာဖြစ်ပြီး အလွန်စည်ကားတဲ့ မြို့ကြီးတစ်မြို့ဖြစ်ခဲ့ပါတယ်။ အခုအခါ “အနုရာဓပုရ” ဆိုတဲ့နာမည်ဖြင့် တောမြို့လေးတစ်မြို့သာသာ ရှိနေပါတော့တယ်။ တောမြို့လေးပင်ဖြစ်လင့်ကစား မဟာစေတီ၊လောကပါသာဒ၊ထူပါရာမ၊ဇေတ၀န၊အဘယာရာမစတဲ့ ရှေးခေတ်လက်ရာများဖြင့် ပြည့်နှက်နေသလို ဗုဒ္ဓ ယဉ်ကျေးမှုအမွေအနှစ်တို့ စုဝေးရာမြို့တစ်မြို့လဲဖြစ်တယ်။ ထိုမြို့တွင် “ဇယသီရိမဟာဗောဓိပင်”တည်ရှိ ရာဖြစ်ပါတယ်။
မဟိန္ဒလေ့တောင်
မဟိန္ဒလေ့တောင်ကို သမိုင်းမှတ်တမ်းများမှာ ဖတ်ရှုခဲ့ရတဲ့အတွက် စာရေးသူ အလွန်စိတ်ဝင်စားတဲ့နေရာလဲဖြစ်သလို အရောက်ခြင်ဆုံးနေရာတစ်ခုလဲဖြစ်ပါ တယ်။
မနက်လင်းတဲ့အခါမှာ စာရေးသူတို့အဖွဲ့ဟာ အနုရာဓမြို့ကနေ အရှေ့မြောက်စူးစူးဖက်ကို ထွက်ခွာလာခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် ရာသီဥတုလဲ သာယာမျှတတဲ့အပြင် စိမ်းလန်းစိုပြေတဲ့သစ်ပင်များဖြင့် ဘယ်ကိုပဲကြည့်ကြည့် မျက်စိအေးပြီး စိတ်ချမ်းသာလှပါတယ်။ ဒါကြောင့်လဲ ရှေးခေတ် သံဃာတော်များ သီတင်းသုံးပျော်မွေ့နေနိုင်တော်မူကြတာပဲလို့ အတွေးနယ်ချဲ့နေမိသူက စာရေးသူပါ။ မကြာမီမှာပဲ မဟိန္ဒလေ့တောင်ခြေသို့ဝင်ရာ ကတ္တရာလမ်းလေးအတိုင်းကားဖြင့် လာခဲ့ကြရာ မဟိန္ဒလေ့တောင်ခြေသို့ ရောက်ခဲ့ပါတယ်။
ထိုမဟိန္ဒလေ့တောင်ဟာ အနုရာဓမြို့ရဲ့ အရှေ့မြောက် အရပ် ရှစ်မိုင်ခန့်တွင် တည်ရှိပါတယ်။ မဟိန္ဒလေ့တောင်ခြေ၀န်းကျင်မှာ ကျောက်ပြား၊ကျောက်ချပ်၊ ကျောက်တိုင်၊ ကျောက်ခွက်ကြီးများ၊ ကျောက်ရေစယောက် အကျိုးအပဲ့များ ဟိုနားဒီနား ပြန့်ကျဲနေတာကို မြင်ရပါတယ်။
သမိုင်းစာပေများကို ဖတ်ထားရတော့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်ကာလ အတိတ်ဆီက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာများကို ထင်ဟပ်ပေါ်လွင်လာသလို ခံစားမိပါတယ်။ ပြန့်ကျဲနေတဲ့ အကျိုးအပဲ့အထောက်အထားများကိုကြည့်ပြီး သဘာဝတရားကိုမလွန်ဆန်နိုင်တဲ့ အဖြစ်ကို သတိထားမိလို့ သံဝေဂရမိသလို မနေ့တစ်နေ့ကမှ ဖြစ်ခဲ့သလိုမျိုးလဲ စိတ်ထဲ ခံစားမိပါတယ်။
ဒီလိုနဲ့ မဟိန္ဒလေ့တောင်ခြေရှိ ကျောင်းတော်ရာဟောင်းကို ပထမ သွားရောက်လေ့လာခဲ့ကြပါတယ်။ ကျောင်းတော်ရာဟောင်းကား ကျောက်သားများဖြင့်သာ ဆောက်လုပ်ထားတဲ့ ကျောင်းတော်ဖြစ်တယ်။ ကျောင်းတော်ရာရဲ့အရှေ့မျက်နှာစာမှာတော့ အလျား (၃၅)ပေရှည်တဲ့ ကျောက်ခွက်ကြီးတစ်ခုရှိပါတယ်။ ယခုတိုင် မပျက်မစီးပဲ တည်ရှိနေပါတယ်။ ကျောက်ခွက်ကြီးမှာ ရဟန်းတော်များ ဆွမ်းခံပြန်ရာတွင် ဆွမ်း၊ဆွမ်းဟင်းများကို စုပေါင်းထည့်ကြတဲ့ ကျောက်ခွက်ကြီးဖြစ်တယ်။ ထိုစဉ်က မဟိန္ဒလေ့တောင်နဲ့ဝန်းကျင်တွင် တရားအားထုတ်ကာ သီတင်းသုံးနေထိုင်တော်မူကြတဲ့ သံဃာတော်များအရေအတွက်မှာ နှစ်ထောင်လောက်ရှိတယ်လို့သိရပါတယ်။ ဆွမ်း-ဆွမ်းဟင်းများ ပေါင်းထည့်တဲ့ ကျောက်ခွက် ကြီးပမာဏနဲ့ဆိုရင် ဖြစ်နိုင်ခြေရှိတယ်လို့ဆိုရမယ်။ ဒီယနေ့ခေတ်မြန်မာနိုင်ငံမှာ သံဃာတော်အပါးရေနှစ်ထောင်လောက်ကို တစ်နေရာတည်းမှာ ဖူးမြင်ရဖို့ရာ မလွယ်ကူပေမဲ့ ထိုခေတ်အခါက သံဃာတော်အပါးနှစ်ထောင်လောက်ကို ဒီမဟိန္ဒလေ့တောင်မှာ ဖူးမျှော်ကြရတာ ဟာ သီဟိုဠ်နိုင်ငံသားများအဖို့ ကံအကောင်းဆုံး လို့ ဆိုရမယ်။
ပြီးတေတော့ ကျောင်းတော်ရာဟောင်းမှာ ဆွမ်းပေါင်းထည့်တဲ့ကျောက်ခွက်ကြီးရဲ့ နံဘေးမှာ ကျောက်ခွက်ငယ်တစ်ခုကို တွေ့ရပါသေးတယ်။ သူကတော့ သစ်သီးမျိုးစုံအရည်များ ပေါင်းထည့်ကာ ဖျော်ရည်ပြုလုပ်တဲ့ ကျောက်ခွက်ဖြစ်တယ်လို့ သိရပါတယ်။ သံဃာတော်များဆွမ်းဘုဉ်းပေးပြီး တဲ့အခါ အချိုဖျော်ရည်များသုံးဆောင်နိုင်ဖို့အတွက် ပြုလုပ်ထားဟန်တူပါတယ်။ ကျောင်းတော်ရာရဲ့ နံဘေးတွေမှာတော့ ကျောက်တိုင်များ ဟိုတစ်ခု ဒီခု ရှိနေပါသေးတယ်။ ညာဖက်နံဘေးမှာတော့ သံဃာတော်များ ရေသုံးဆောင်နိုင်ဖို့အတွက် ကျောက်ရေစယောက်ကြီးတစ်ခုကိုလဲ တွေ့ခဲ့ရပါ တယ်။
ကျောင်းတော်ရာရဲ့ ဘယ်ဘက်အနားမှာတော့ ကျောက်ပြားကြီးနှစ်ချပ်ကို ချောမွတ်နေအောင်ပြုလုပ်ထားပြီး ထိုကျောက်ချပ်ကြီးမှာ သီဟိုဠ်ဘာသာနဲ့ စာများရေးသားထားတာကို တွေ့ရပါတယ်။ ဂိုက်အဖြစ်လိုက်ပါလာသူ သီရိလင်္ကာနိုင်ငံသားအား မေးကြည့်ရာ ဒီအထဲကစာတွေ က ရဟန်းတော်များ လိုက်နာရမဲ့ဝိနည်းစည်းကမ်းများကို ရေးသားထားတာပါ လို့ ပြောပါတယ်။ ဒီကျောက်ချပ်ကြီးရဲ့ နံဘေးမှာတော့ ကျောင်းဆောင်ငယ်တစ်ခုရဲ့အလယ်မှာ ပလ္လင်တစ်ခုကို တွေ့ခဲ့ရပါတယ်။ ဒါကတော့ ရဟန်းတော်များ တရားအားထုတ်ပြီး ဆရာရှေ့မှောက်မှာ တရားဆွေးနွေးကြတဲ့နေရာတစ်ခုဖြစ်ပါတယ် လို့ပြောပါတယ်။ (ဆက်ရန်)

ချိုသာစကား အသာထားခဲ့